ပင်းပက်တောင်စီမံကိန်း နျူကလီးယားနှင့် ဆက်စပ်မှုရှိနိုင်

တောင်ကြီးတိုင်းမ်။ နောက်ခမ်းခါ
ဇွန်လ ၁၁ ရက်၊ ၂၀၁၀ ခုနှစ်။ သောကျာနေ့

ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့အနီး ပင်းပက်တောင်သတ္တုတူးဖေါ်ရေးနှင့် သံမဏိစက်ရုံစီမံကိန်း သည် မြန်မာ့စစ်အစိုးရ နျူကလီးယားလက်နက်စီမံကိန်းအစီအစဉ်နှင့် ဆက်စပ်နိုင်ကြောင်း ယင်းအကြောင်းကို စောင့်ကြည့်လေ့လာနေသည့် ခွန်ချန်ကီက ဘီဘီစီမြန်မာပိုင်း အစီအစဉ်သို့ ပြောသည်။



ပင်းပက်စီမံကိန်းဒေသတွင် သုတေသနလေ့လာရေးပြုလုပ်စဉ် စီမံကိန်းဝန်ထမ်းများနှင့် ဒေသခံရွာများ ပြောပြချက်အရ ပင်းပက်တောင်တွင် ယူရေနီယံသတ္တုထွက်ရှိကြောင်းနှင့် ၎င်းနေရာတ၀ိုက်တွင် လုံခြုံရေးတင်းကြပ်ထားပြီး ရွာသားများဝင်ထွက် သွားလာခွင့် ပိတ်ပင်ထားသည်ဟု ခွန်ချန်ကီက ပြောသည်။

ယင်းစီမံကိန်းအား ရုရှားနိုင်ငံအစိုးရပိုင် Tyazhpromexport ကုမ္မဏီနှင့် အီတလီနိုင်ငံမှ DLE ကုမ္မဏီတို့ ၀င်ရောက်ရင်းနှီးမြုပ်နှံထား၍ ထွက်ရှိသည့် သတ္တုများကို ၎င်းနေရာတွင်ပင် သန့်စင်မှုပြုလုပ်ပြီး မကွေးဖက်သို့ ပို့ဆောင်သွားသည်ဟု ၎င်းက ဆက်ပြောသည်။

မကြာသေးခင် ရက်ပိုင်းအတွင်းတွင် နအဖ နျူကလီးဆိုင်ရာ စစ်တပ်အရာရှိ ဗိုလ်မှူးစိုင်းသိန်းဝင်း ပြည်ပသို့ ထွက်ခွာပြီး လျှို့ဝှက်ယူဆောင်လာသည့် မြန်မာ့စစ်အစိုးရ၏ နျူကလီးယားလက်နက် ထုတ်လုပ်ရန် ကြိုးစားနေသည့် ဓာတ်ပုံနှင့် မှတ်တမ်းအထောက်အထားများအား Al Jazeera ရုပ်မြင်သံကြားသတင်း အစီအစဉ်မှ ထုတ်လွင့်ပြသခဲ့သည်။

လွန်ခဲ့သည့် ၂၀၀၉ ခုနှစ် ပအိုဝ်းလူငယ်အစည်းအရုံးမှ ထုတ်ဝေသည့် “Robbing the future” (အနာဂါတ်ကို လုယူဖျက်ဆီးခြင်း) အမည်ရှိ အစီရင်ခံစာအတွင်းတွင် ပင်းပက်တောင်ဒေသတွင် လုံခြုံရေးတင်းကြပ်စွာ ချထားသည့်အခြေအနေ၊ ဒေသခံရွာသားများနှင့် ပင်းပက်စီမံကိန်းဝန်ထမ်းများ ပြောချက်နှင့် ရုရှားမှ မြန်မာနိုင်ငံအတွင်း နျူကလီးယားသုတေသနပြုလုပ်သည့်ဌာနဆောက်လုပ်မည့် သဘောတူညီမှု စသည်အချက်တို့ကို ထောက်ပြပြီး ပင်းပက်တောင်သည် နျူကလီယားအတွက် ယူရေနီယံသတ္တုများ ထုတ်လုပ်နိုင်ဖွယ်ရှိကြောင်း ဖေါ်ပြထားသည်။

ထို့အတူ ပင်းပင်ဒေသအနီးတွင် စစ်တပ်ကွန်ပြူတာနှင့် နည်းပညာတက္ကသိုလ် နှစ်ခု တည်ဆောက်ခဲ့ပြီး ယင်းတက္ကသိုလ်တွင် တာဝန်ကျလုပ်ကိုင်နေသည့် ရုရှားပြန်စစ်ဗိုလ်များအား ပင်းပက်တောင် သတ္တုတူးဖေါ်ရေးစီမံကိန်းတွင် တာဝန်ထမ်းဆောင်နေကြသည်ဟု ယင်းအစီရင်ခံစာက ဖော်ပြထားသည်။

No comments: