ပအိုဝ်းရိုးရာသီတင်းကျွတ်ပွဲတော်

နောင်ခမ်းခါ။ ၂၀၀၉

ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်ကြသည့် ပအိုဝ်းလူမျိုးတို့သည်၊ ၀ါဆိုလဆုတ် (၁) ရက်နေ့ညမှ သီတင်းကျွတ်လပြည့်ကျော် (၁) ရက်နေ့အထိကို ၀ါတွင်း (၃) လ ဟု သတ်မှတ်ထားပါသည်။

ဝါတွင်း (၃) လအတွင်း ဂေါတမမြတ်စွာဘုရားသည် သာဝတိံသာနတ်ပြည်တွင် သီတင်းသုံးနေထိုင်ပြီး၊ နတ်များကို ဗုဒ္ဓတရားဟောကြားပေးတော်မူသော အချိန်လည်းဖြစ်သည်ဟု ယုံကြည်လက်ခံကြသည်။


သာဝတိံသာနတ်သားတို့အား တရားတော်များဟောကြားတော်မူပေးပြီးနောက်၊ သီတင်းကျွတ်လပြည့်နေ့၊ နံနက်အာရုဏ်မတက်မီအချိန်၌ မြတ်စွာဘုရားသည် သာဝတိံသာနတ်ပြည်မှ လူ့ပြည်သို့ ဆင်းတက်တော်မူခဲ့သည်။ ဗုဒ္ဓမြတ်စွာဘုရားသည် လောက (၃) ဘုံဖြစ်သော လူ့ဘုံ၊ နတ်ဘုံ နှင့် ငရဲဘုံအကြောင်းတို့အား လူသားများကို ဟောကြားဆုံးမတော်မူပြီး လူသားအားလုံးတို့၏ စက္ခုအာရုံကိုလည်း ဖွင့်ပေးသည်ဟု ပအိုဝ်းလူမျိုးမှ ယုံကြည်သက်ဝင်ကြသည်။

ထို့ကြောင့် ဗုဒ္ဓဘာသာကို အများစု ကိုးကွယ်ကြသည့် ပအိုဝ်းလူမျိုးများသည်၊ ဗုဒ္ဓမြတ်စွာဘုရား လူ့လောကသို့ မဆင်းတက်မီ သီတင်းကျွတ်လပြည့်နေ့မတိုင်မီ အဖိတ်နေ့တွင်၊ ရွာအလည်နှင့် မိမိတို့အိမ်ရှေ့ ၀ါရံတာတို့၌ ပအိုဝ်းလို "တောင်ပွတ်" ခေါ် ဘုရားစင်များ တည်ဆောက်ပြီး၊ လယ်ယာ ခြံထွက် သစ်သီး ၀လံ သစ်နှံများ ပန်းမျိုးစုံများတို့ကို ချိတ်ဆွဲပူဇော်ကြသည်။ ယင်းဘုရားစင်ကို ပအိုဝ်းအခေါ်အားဖြင့် "တောင်ပွတ်" ဟုခေါ်သည်။ သီတင်းကျွတ်လပြည့်နေ့ နံနက် အာရုဏ်မတက်ခင်တွင် ဆီမီး၊ ဖယောင်းတိုင်၊ အမွေးတိုင်းတို့ကို ထွန်းညှိပြီး ဆွမ်းတော်များပါ ဆက်ကပ်လှူဒါန်းတော်မူကြသည်။

အကြောင်းမှာ မြတ်စွာဘုရား ဆင်းတက်တော်မူသော အချိန်ကို ရည်စူးပြီးဆက်ကပ်လှူဒါန်းခြင်းဖြစ်ပါသည်။ ဤကဲ့သို့ ပူဇော်ဆက်ကပ်သည့်အကျိုးတို့ကြောင်း တနှစ်တာလုံးအတွက် အစားဆင်းရဲခြင်း၊ အနေဆင်းရဲခြင်း၊ အ၀တ်ဆင်းရဲခြင်းမှ လွတ်ကင်းပြီး ပျော်ရွှင်ချမ်းမြေ့သည့် ဘ၀သို့ ရောက်ရှိစေနိုင်ကြောင်းကို ယုံကြည်ကြသည်။

အချို့သောကျေးရွာများတွင် ၀င်္ကဘာများ ဆောက်လုပ်ကြပြီး ၀င်္ကဘာအလယ်ဗဟိုတွင် ဘုရားစေတီပုထိုးများ၊ ဘုရားစင်များ တည်ထား၍ ဆွမ်းတော်၊ ရေချမ်း၊ ပန်း၊ ဆီမီးများ စသည်တို့ကို ကပ်လှူပူဇော ထွန်းညှိရန် အဆင့်ဆင့် လှည့်ပတ်ဝင်ရပါသည်။

ဝါတွင်း (၃) လပတ်လုံး ဥပုဒ်နေ့များတွင် ဘုန်းကြီးကျောင်း၌ ဥပုဒ်စောင့်တည်ကြသော သက်ကြီးရွယ်အိုများသည် သီလအောင်ပွဲ အထိမ်းအမှတ်အဖြင့် တတ်နိုင်သလောက် အလှူငွေများထည့်ဝင်ကာ ပဒေသာပင်များကို ပြုလုပ်ကြပြီး နေ့လည်ပိုင်းတွင် ရွာတွင်းရှိလူငယ် လူရွယ်များကို အဆိုပါ ပဒေသာပင်များကို စီတန်းလှည့်လည်ကြပါသည်။ ပဒေသာပင်များကို ထမ်းပြီး ဘုန်းကြီးကျောင်း လက်ယာရစ်၍ သုံးပတ် ပတ်ပါသည်။ သုံးပတ် ပတ်ပြီးသောအခါ လှူဖွယ်ပစ္စည်များကို အတူတကွရေစက်ချ တရားနာကြပါသည်။

ထို့ပြင် လူငယ်မောင်မယ်များသည် ညနေပိုင်းတွင် မိဘဆွေမျိုးများနှင့် သက်ကြီးရွယ်အို အဘိုးအဘွားများကို မုန့်များ လှူဖွယ်ပစ္စည်းများဖြင့် သွားရောက်လှူဒါန်း ကန်တော့ကြပါသည်။ အဘိုးအဘွားများကို လှူဒါန်းကန်တော့ကြပြီးနောက် ညစာစားသုံးပြီး အပျိုများက မီးပုံးကိုယ်စီ ထွန်းညှိကာ ရွာအလည်တွင် လာရောက်စုကြပါသည်။ လူပျိုများကလည်း ပအိုဝ်းရိုးရာအိုးစည်ဗုံမောင်းများကို ပြင်ဆင်ပြီး ပျော်ရွှင်စွာ တီးမှုတ် ကခုန်ကြပါသည်။

မီးပုံးရွာလှည့်ရန်အတွက် ပြင်ဆင်မှုပြုလုပ်ရာတွင် ရွာတွင်းအပိုင်းလိုက် ခွဲ၍ တာဝန်ခွဲယူလုပ်ကိုင်ကြသည်။ အချို့က ထမ်းစင်များပြုလုပ်ပြီး မီးပုံးကို အလှဆင်ကြသည်။ တချို့က ၀ါးတန်းရှည်ကို လူများကိုင်နိုင်ရန်အတွက် လက်ကိုင်ဝါးတန်းများကို တပ်ဆင်ပြီး ၀ါးတန်းရှည်ပေါ်တွင် မီးပုံးများကို ချိတ်ဆွဲကာ အလှဆင်ကြပါသည်။ တချို့ကမူ မီးပုံးများကို အုပ်ထဲတွင်ထည့်ကာ ဦးခေါင်းပေါ်တွင် ရွက်နိုင်ရန် ပြင်ဆင်မှုများပြုလုပ်ကြပါသည်။

မီးပုံးများလှည့်လည်သည့်အခါ ရွာလည်မှ စ၍ ဘုန်းကြီးကျောင်းသို့ ဗိုမောင်းများ တီးခတ်၍ ကခုန်ပြီး ပအိုဝ်းရိုးရာ စကားထာများဖြင့် လူငယ်ခေါင်းဆောင်တစ်ယောက်ယောက်မှ တိုင်ပြီး ကျန်သည့်လူများ လိုက်ဆို၍ မြူးထူးစွာ လှည့်ပတ်ကြသည်။

မီးပုံများလှည့်ရာတွင် အဖိတ်နေ့ည၊ လပြည့်ညနှင့် လပြည့်ကျော်တစ်ရက်နေ့ည စသဖြင့် စုစုပေါင်း သုံးညလှည့်ပတ်ပါသည်။

ဤသို့ဖြင့် ကျွနိုပ်တို့ ပအိုဝ်းရိုးရာသီတင်းကျွတ်ပွဲတော်ကို ကျင်းပကြသည်ဖြစ်ရာ အဝေးတနေရာမှ သီတင်းကျွတ်ပွဲတော်နှင့် မီးပုံလှည့်ပွဲမှ ပအိုဝ်းရိုးရာဗိုမောင်း၊ ပအိုဝ်းရိုးရာစကားထာနှင့် ပအိုဝ်းရိုးရာ"ငေါဝ်းရျော့" သံများကို ပြန်လည်ကြားရောင်ပြီး လွမ်းဆွတ်တမ်းတ သတိရမိပါတော့သည်။

No comments: